ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် မေ ၁၅

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုံခြုုံရေးအခြေအနေအရ ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအနက် ပြည်လည်ဖွင့်လှစ်၍ရသည့် ကျောင်းများကို ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းအပ်လက်ခံပြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ကုန်းသာကျေးရွာနှင့် ထီးသူးကူးကျေးရွာ စာသင်ကျောင်းများတွင် ကျောင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကုန်းသာအခြေခံပညာအထက်တန်း ကျောင်းသို့ရောက်ရှိကာ ကျောင်းဝန်းအတွင်းရှိ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများက လူအင်အား၊ စက်ယန္တရားများဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုကို ကြည့်ရှုအားပေးပြီး စာသင်ဆောင်များနှင့် ကျောင်းအဆောက်အအုံများကို လှည့်လည်ကြည့်ရှုသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဖွင့်ကာလတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာသင်ကြားနိုင်ရေးအတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သာယာ လှပရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ထီးသူးကူးသို့သွားရောက်၍ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများက ကျောင်းဝန်းအတွင်း သန့်ရှင်းရေးပြုလုပ်နေမှုများကို ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ထိခိုက်ပျက်စီးသည့် စာသင်ခန်းများ ပြန်လည်ပြင်ဆင်နိုင်ရေး၊ ကျောင်းသုံးပရိဘောဂများ ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးနှင့် အခြားလိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားကာ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုူင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)