မော်လမြိုင် မေ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူဖုံစွာရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိသော လှိုင်ရတနာမြို့ကွက်သစ် ရေပေးရေးစီမံကိန်းလုပ်ငန်းခွင်သို့ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စီမံကိန်းဧရိယာအတွင်း ရေပိုက်လိုင်းများသွယ်တန်းနေမှု၊ မြေကျင်းတူးဖော်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးမှ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးတို့အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ လှိုင်ရတနာမြို့ကွက်သစ် ရေပေးရေးစီမံကိန်းသည် မော်လမြိုင်မြို့ပြဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် အရေးပါသော အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)