ဘီးလင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် တိုးမြှင့်ထုတ်ချေးခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဘီးလင်း မေ ၁၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)ကာလအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဘီးလင်းမြို့နယ်ဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို မေလ ၁၂ ရက်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်က ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်သွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်နှင့် တာဝန်ရှိသူအသီးသီးတို့က ကျေးရွာနှစ်ရွာမှ တောင်သူ ၄၅ ဦးတို့အား တစ်ဧကလျှင် သုံးသိန်းနှုန်းဖြင့် ဧက ၄၀၀ အတွက် သိန်းတစ်ရာ့နှစ်ဆယ်ကို တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပေါက်တောကျေးရွာနေ တောင်သူ ဒေါ်တင်နုက စိုက်ပျိုးစရိတ်တိုးမြှင့်ချေးပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိုးစပါးစိုက်တောင်သူများတက်ရောက်ခဲ့ပြီး ဘီးလင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၄) အုပ်စု၊ တောင်သူ (၉၀၀)ဦး မိုးစပါးစိုက်ဧက (၆၁၅၀) အတွက် ငွေကျပ်သိန်းပေါင်း (၁၈၄၅၀.၀၀) သိန်း ထုတ်ချေးပေးရန်လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)