ကျိုက်ထို မေ ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)စီမံချက်ကာလအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုက်ထိုဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်းနှင့် ချေးငွေပေးအပ်ပွဲအခမ်းအနားကို မေလ ၁၂ ရက်နေ့နံနက်ပိုင်းက ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် တိုးမြှင့်ထုတ်ချေးခြင်းအပေါ် အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဦးသန်းထွန်းက ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို လယ်ဧက (၃၅၅)ဧကအတွက် တောင်သူ(၆၆)ဦးအား ချေးငွေကျပ် (၁၀၆၅)သိန်းပေးအပ်ပြီး တောင်သူတစ်ဦးက မိုးရာသီစိုက်ပျိုးစရိတ် တိုးမြှင့်ထုတ်ချေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး (ပြန်/ဆက်)