ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

နေပြည်တော် မေ ၁၄

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သတ်မှတ်ကျောင်းများ၌ ကျင်းပပြုလုပ်ရာ နေပြည်တော် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ရွာတော်)၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းနှင့် လယ်ဝေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်စွာယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အထိမ်းအမှတ်ပြိုင်ပွဲများတွင် နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ၆၄ ဦး၊ အလယ်တန်းအဆင့် ၂၇ ဦး၊ အထက်တန်းအဆင့် ၁၅ ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ၁၀၆ ဦးတို့က သတ်မှတ်ခေါင်းစဉ်များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)