တပ်ကုန်းမြို့နယ်၌ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ ခု မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲကျင်းပ

တပ်ကုန်း မေ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲတွင် ရက် ၁၀၀ စီမံချက်ဖြင့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ ခု မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ တပ်ကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ဥမ္မာအောင်က စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ခု မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ဥမ္မာအောင်နှင့် တာဝန်ရှိသူများက

ကျောက်စရစ်ကုန်းကျေးရွာအုပ်စု၊ ယာသီးနှံနှင့် စပါးစိုက်ပျိုးမည့်တောင်သူများအား စိုက်ပျိုးစရိတ်ထုတ်ချေးပေးအပ်ခဲ့ပြီး နေပြည်တော်ကောင်စီဝင်က တောင်သူများ ရရှိသည့်ချေးငွေများအား လယ်ယာလုပ်ငန်းခွင်များတွင် အကျိုးရှိစွာအသုံးပြုရန် ရင်းနှီးစွာ ရှင်းလင်းမှာကြားခဲ့သည်။

တပ်ကုန်းမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၅ အုပ်စု၊ စိုက်ပျိုးရေး တောင်သူများကို ယခင်နှစ်က ယာသီးနှံ တစ်ဧကလျှင် တစ်သိန်းနှုန်း၊ စပါးသီးနှံတစ်ဧကလျှင် တစ်သိန်းခွဲနှုန်း၊ ယခုနှစ်တွင် ယာသီးနှံတစ်ဧကလျှင်နှစ်သိန်းခွဲနှုန်း၊ စပါးသီးနှံတစ်ဧကလျှင် သုံးသိန်းနှုန်း ထုတ်ချေးဆောင်ရွက်ပေးကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ သိရသည်။

တင်စိုးလွင်