မြို့သစ်မြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ်မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအား သီးနှံမျိုးစေ့များ ထောက်ပံ့

မြို့သစ် မေ ၁၃

မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊မြို့သစ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ် ရက် (၁၀၀) Quick Win ဆောင်ရွက်မည့် တောင်သူများအား သီးနှံမျိုးစေ့များထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး စိုက်ပျိုးပညာပေးရေးနှင့်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမတွင် ပြုလုပ်သည်။

ဦးစွာ  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ   ဦးကျော်ဝင်းထက်က ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် တောင်သူများအား သီးနှံမျိုးကောင်းမျိုးသန့်များရရှိမှုအပေါ် ပန်းတိုင်အထွက်နှုန်းရရှိရေးအောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဥာဏ်မြင့်ဦးက ဌာန၏ဆောင်ရွက်လျက်ရှိသည့် မျိုးကောင်းမျိုးသန့်များ ပြန့်ပွားရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်း၊ စိုက်နည်းစနစ်များ မှန်ကန်တိုးတက်လာစေရေးအတွက် တောင်သူနည်းပညာပေးလုပ်ငန်း၊ သုတေသနစမ်းသပ်ပြုလုပ်သည့် လုပ်ငန်းများအပေါ် တောင်သူများမှ ပူးပေါင်းဆောင်ရွက်၍အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းစနစ်များ လိုက်နာကျင့်သုံးစေရေးတို့ကို ပြောကြားသည်။

ထို့နောက်ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် သီးနှံမျိုးစေ့များဖြစ်သည့် စပါး၊နှမ်း၊ မြေပဲ၊ နေကြာ ၊ပဲ တီစိမ်း၊ဝါမျိုးစေ့များကိုတောင်သူများအားထောက်ပံ့ပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအဖွဲ့ဝင်များနှင့် ရက် (၁၀၀) Quick Win ဆောင်ရွက်မည့် ကျေးရွာအုပ်စုများမှတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)