ကျိုက်လတ် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ (၂၀၂၆)ခုနှစ် ဘက်စုံထူးချွန် နှစ်ထပ်ကွမ်း လူရည်ချွန် Grade(10) ကျောင်းသား မောင်ဘုန်းသန့်လင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို မေ (၁၂)ရက်၊ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ကြီး၊ မြို့နယ်ပညာရေးမှူးဆရာကြီး ဦးအောင်မိုးနှင့် ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုအမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ ဘက်စုံထူးချွန် နှစ်ထပ်ကွမ်းလူရည်ချွန် မောင်ဘုန်းသန့်လင်းက လူရည်ချွန်တစ်ဦးဖြစ်ရန်အတွက် ကြိုးစားခဲ့ရသည်များနှင့်ပတ်သက်၍ အတွေ့အကြုံများအား ရှင်းလင်းပြောကြားပြီး ယခုကဲ့သို့ဂုဏ်ပြုပွဲကျင်းပပေးခြင်းအတွက် ကျေးဇူးတင် စကားပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများ၊ မိဘ၊ ဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ လုပ်ငန်းရှင်များက လူရည်ချွန် မောင်ဘုန်းသန့်လင်းအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)