ကံမမြို့နယ်၌ တောင်သူများအား သီးနှံမျိုးစေ့များပေးအပ်

ကံမ မေ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်မည့်တောင်သူများအား သီးနှံမျိုးစေ့များပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုအသီးသီးမှ တောင်သူများတက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးခင်ဝင်းဇော်က ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရန်နှင့် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးနေသည့်အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာများကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့်သီးနှံမျိုးစေ့များဖြစ်သည့် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ဝါမျိုးစေ့များကို တောင်သူများအားပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း (ကံမ)