ချောက်မြို့နယ်၌ ရက် (၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်မည့် စံပြကွက်တောင်သူများအား သီးနှံမျိုးစေ့များ ထောက်ပံ့

ချောက် မေ ၁၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက်ဆောင်ရွက်မည့်တောင်သူများအား သီးနှံမျိုးစေ့များထောက်ပံ့ခြင်းကို‌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခင်‌‌မောင်ဝင်းက အမှာစကားပြောကြားရာတွင် ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့်တောင်သူများအား သီးနှံမျိုးကောင်းမျိုးသန့်များရရှိမှုအပေါ် ပန်းတိုင်အထွက်နှုန်းရရှိရေး အောင်မြင်အောင်ဆောင်ရွက်ကြရန်နှင့် တောင်သူများသီးနှံစိုက်ပျိုးမှုတွင် အထောက်အကူပြုစေရန်နည်းလမ်းများ၊ တောင်သူများမှပူးပေါင်းဆောင်ရွက်၍ အဓိကသီးနှံများအထွက်နှုန်းရရှိရေးနည်းစနစ်များ လိုက်နာကျင့်သုံးစေရေးတို့အား ရှင်းလင်း၍ အသိပညာပေးစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့သည်။

ထိုနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်နှင့်တာဝန်ရှိသူများက ရက် (၁၀၀) အတွင်းဆောင်ရွက်မည့် သီးနှံမျိုးစေ့များဖြစ်သည့် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်းနှင့်ဝါမျိုးစေ့များ၊ ရိုဘတ်စတာ‌ကော်ဖီပျိုးပင်တို့ကို တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအဖွဲ့ဝင်များနှင့် ရက်(၁၀၀)စီမံချက်ဆောင်ရွက်မည့် ကျေးရွာအုပ်စုများမှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)