မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို သရက်ခရိုင်နှင့်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအားတွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကြည့်ရှုစစ်ဆေး

သရက် မေ ၁၃

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက် ၁၀ နာရီက သရက်မြို့၊ သရက်ခရိုင်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြိုမိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် သရက်ခရိုင်၊ လမ်းဦးစီး ရိပ်သာသို့ ရောက်ရှိလာပြီး သရက်-အောင်လံ တံတားစီမံကိန်းတည်ဆောက်ရေးနှင့်ပတ်သက်၍ တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၃)မှ အင်ဂျင်နီယာမှူးကြီး ဦးမြင့်ဝင်းက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

တွေ့ဆုံစဉ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အဖွင့်အမှာစကားပြောပြီး သရက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက ခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များ၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ဒေသခံပြည်သူ(၄)ဦးက သရက်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များတင်ပြကြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကဏ္ဍအလိုက် လိုအပ်ချက်များအား သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် သရက်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) “လမင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးနေသည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ခဲ့ကြရသည်။

ဆက်လက်ပြီး သရက်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကောက်ရိုးမှိုနှင့်ငွေနှင်းမှိုလက်တွေ့စိုက်ပျိုးပြသခြင်း၊ သရုပ်ပြမှိုခြံအားကြည့်ရှုလေ့လာခဲ့ပြီး မှိုစိုက်ပျိုးနည်းသင်တန်းသင်ကြားပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် သရက်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ သရက်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ ပညာရေးကဏ္ဍမြှင့်တင်ရေး၊ ကျောင်းနေနှုန်းမြင့်မားရေး၊ အောင်ချက်မြင့်မားရေးများကို လမ်းညွှန်မှာကြားပြီး လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်