ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ကျောက်ဖြူမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ   မေ   ၁၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၉ ရက် နံနက်ပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ကျောက်တန်း(၁)၊(၂) ရေလှောင်တမံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ကျောက်တန်း(၁) ရေလှောင်တမံတည်ဆောက်ရေးရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)မှ ကျွမ်းကျင်ပညာရှင်များ၊ ကျောက်ဖြူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအောင်ဇော်နှင့် တာဝန်ရှိသူများက ရေလှောင်တမံစီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းပြီးစီးနေမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက် ရမည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောက်ဖြူမြို့နယ် အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း(SEZ) စီမံကိန်းအတွက် ရေကိုသိုလှောင်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဆည်တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ ရေစီမံခန့်ခွဲမှုကောင်းမွန်စေရေးနှင့်ပတ်သက်၍ အထူး အလေးပေးဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တန်း(၁) ကုန်းကြောတမံဆောင်ရွက်ပြီးစီးမှု၊ ပင်မတမံတည်ဆောက်နေမှု၊ တမံအောက်ခံရေလုံစေရန် ဘိလပ်မြေသရွတ်မှုတ်သွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ယာယီရေတားတမံတည်ဆောက်ပြီးစီးနေမှု၊ ရေပိုလွှဲတည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တန်း(၂) ရေလှောင်တမံတည်ဆောက်ရန် အောက်ခြေရှင်းလင်းနေမှု၊ ရေထုတ်ပြွန်ဆောင်ရွက်ရန် မြေကြီးတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ယာယီရေတားတမံဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တန်းကျေးရွာအတွင်း ကျေးရွာသူ၊ ကျေးရွာသားများ သန့်ရှင်းသောသောက်သုံးရေရရှိနိုင်ရန်၊ စနစ်တကျသယ်ယူသုံးစွဲနိုင်ရန် ကျေးရွာအတွင်းရှိ ရေကန်အား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးသွားရောက်ကြည့်ရှုစစ်ဆေးကြပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်မဒေးကျွန်း အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးကြရာ ကျောက်ဖြူခရိုင် ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဖွင့်ချိန်အမီကျောင်းနှင့် ကျောင်းပတ်ဝန်ကျင်သန့်ရှင်းသာယာရေး၊ ကျောင်းများဥပဓိရုပ်ကောင်းမွန်းရေးစနစ်တကျကြီးကြပ် ဆောင်ရွက်သွားကြရန်မှာကြားပြီး ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်နိုင်ရေး၊ မိမိတို့ သားသမီးများ၊ မိမိပတ်ဝန်းကျင်ရှိ ကလေးငယ်များ စာသင်ခန်းသို့ရောက်ရှိကာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေပျော်၍ စာတော်သော ကလေးငယ်များဖြစ်စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က KG+ 9 အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးငယ်များ၏ ပညာရေမြင့်မားရေးအတွက် မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပညာတတ်မှနည်းစနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရကအခြေခံပညာအလယ်တန်းအဆင့်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး၊ အထက်တန်းကျောင်းများတွင် ဥပဒေပညာများသင်ကြားနိုင်ရေးနှင့် ပြည်သူ့နီတိနှင့်စာရိတ္တများကို သင်ကြားနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသော ရပ်မိရပ်ဖများနှင့် ဆရာ၊ ဆရာမများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျောင်းအတွက် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေးကျွန်းရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသို့ သွားရောက်ကြည့်ရှုကြရာ စီမံကိန်းတာဝန်ခံနှင့် တာဝန်ရှိသူများက ရေနံနှင့်သဘာဝဓာတ်ငွေ့များအား ပိုက်လိုင်းများဖြင့် ပို့လွှတ်ပေးနေမှု၊ စီမံကိန်းဧရိယာအတွင်း လုံခြုံရေးကိရိယာများ တတ်ဆင်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက် စီမံထားရှိမှုတို့ကို ရှင်းလင်းပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းရုံး အစည်းအဝေးခန်းမ၌ စီမံကိန်းမှတာဝန်ရှိသူများနှင့်တွေ့ဆုံ ရေနံနှင့်သဘာဝဓာတ်ငွေ့များ နှစ်စဉ်ပို့လွှတ်ပေးနေမှု၊ ရေနံတင်သင်္ဘောများရောက်ရှိမှု အခြေအနေများ၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိနေမှုအခြေအနေများ၊ ဒေသတွင်းလူမှုစီးပွားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ စီမံကိန်းဧရိယာအတွင်း လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှုများစသည့်ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)၊  ဓာတ်ပုံ- တင်ထွန်းဦး