ငဖဲမြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ငဖဲ မေ ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် (၁၀၀) စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပန်းထိမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။

ရှေးဦးစွာ ငဖဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်းက အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကျော်စိုးက ကျေးလက်နေတောင်သူများအနေဖြင့် မိမိတို့၏စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာများကို သုံးစွဲသည့် အလေ့အထဖြစ်ပေါ်စေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းမှ သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာလေ့လာမှတ်သားဆောင်ရွက်ကြရန်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ငုဝါရွှေက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြဆရာက သင်တန်းတွင်အသုံးပြုသည့် သင်ထောက်ကူပစ္စည်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ပန်းထိမ်းကျေးရွာအုပ်စုမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးနှင့် လေ့လာသူများ တက်ရောက်ကြပြီး စိုက်ပျိုးရေးကျွမ်းကျင်သူ နည်းပြဆရာက သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်ခန်းစာများကို မေ ၁၂ ရက်မှ ၁၄ ရက်နေ့ထိ သုံးရက်ကြာစာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)