ငဖဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

ငဖဲ မေ ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ရင့်ရှည်ကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ယနေ့နံနက်ပိုင်းက စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်သီသီမာက တောင်သူများ၏ ဝင်ငွေနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူလယ်သမားများလိုအပ်သော စိုက်ပျိုးစရိတ်အရင်းအနှီးများအတွက် ချေးငွေထုတ်ချေးရေးကဏ္ဍမှ တစ်ဖက်တစ်လမ်းပံ့ပိုးဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေများအား ယခုအစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အရ မေလ ၁၂ ရက်နေ့မှစ၍  ထုတ်ချေးပေးလျက်ရှိကြောင်း၊ တောင်သူလယ်သမားများအား ချေးငွေနှုန်းထားတိုးမြှင့်ရေးအစီအစဉ်အရ အချိန်စေ့ရောက်ပြီး နှစ်စဉ်ချေးငွေအရင်း၊အတိုးနှင့် ဒဏ်တိုးများ၊ နှစ်တိုချေးငွေနှင့် နှစ်ရှည်ချေးငွေ၏ အရစ်ကျငွေအရင်း၊အတိုးများ ပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ငဖဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း မိုးသီးနှံများအဖြစ် စပါးနှင့်အခြားသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် ချေးငွေကျပ်သိန်းပေါင်း  နှစ်သောင်းကျော်ကို ကျေးရွာအုပ်စု ၂၂ အုပ်စုအား ထုတ်ချေးပေးရန်လျာထားပြီး  မိုးစပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ပျိုးရန် တစ်ဧကလျင် ငွေကျပ် သုံးသိန်းနှုန်း၊ အခြားသီးနှံစိုက် တစ်ဧကလျင် ငွေကျပ်နှစ်သိန်းငါးသောင်းနှုန်းနှင့် ပန်းနှမ်း၊ ဆီမုန်ညှင်း၊ ဂုန်လျှော်စိုက်ပျိုးရန် တစ်ဧကလျင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းဖြင့် ရင့်ရှည် ကျေးရွာအုပ်စုမှ တောင်သူ ၄၀ ဦး၏ မိုးစပါး  ၅၈ ဧက နှင့် နှမ်းသီးနှံ  ၇   ဧက စုစုပေါင်း စိုက်ဧက ၆၅ ဧကအတွက် ချေးငွေကျပ် ၁၉၁.၅၀ သိန်းကို စတင်ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသည့်ကျေးရွာအုပ်စုများမှ တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။     

မယု(ငဖဲ)