တောင်တွင်းကြီး မေ ၁၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ် ရက် (၁၀၀) Quick Win ဆောင်ရွက်မည့် တောင်သူများအား သီးနှံမျိုးစေ့များထောက်ပံ့ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အမှာစကားပြောကြားရာတွင် ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် တောင်သူများအား သီးနှံမျိုးကောင်းမျိုးသန့်များရရှိမှုအပေါ် ပန်းတိုင်အထွက်နှုန်းရရှိရေး အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မျိုးအေးက ဌာန၏ဆောင်ရွက်လျက်ရှိသည့် မျိုးကောင်းမျိုးသန့်များ ပြန့်ပွားရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်း၊ စိုက်နည်းစနစ်များ မှန်ကန်တိုးတက်လာစေရေးအတွက် တောင်သူနည်းပညာပေးလုပ်ငန်း၊ သုတေသနစမ်းသပ်ပြုလုပ်သည့် လုပ်ငန်းများအပေါ် တောင်သူများမှ ပူးပေါင်းဆောင်ရွက်၍ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းစနစ်များ လိုက်နာကျင့်သုံးစေရေးတို့ကိုပြောကြားခဲ့ပြီး ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် သီးနှံမျိုးစေ့များဖြစ်သည့် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ဝါမျိုးစေ့များကို တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအဖွဲ့ဝင်များနှင့် ရက် (၁၀၀) Quick Win ဆောင်ရွက်မည့် ကျေးရွာအုပ်စုများမှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးမျိုး(ဗိဿနိုးမြေ)