နတ်မောက် မေ ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ မိုးရာသီစိုက်ပျိုးစ ရိတ်ချေးငွေများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မိုးမိုးသိန်းက အစိုးရအဖွဲ့၏ ရက် ၁၀၀ အတွင်း တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေးလုပ်ငန်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လတ်မိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးဇော်မြင့်သူ၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မိုးမိုးသိန်းနှင့် ဌာနဆိုင်ရာအကြီးအကဲတို့က တက်ရောက်လာကြသည့် မြို့မအုပ်စုမှဘဏ်ခွဲဝင် တောင်သူ(၄၄) ဦးအား စပါးတစ်ဧက (၃၀၀,၀၀၀) ကျပ်၊ နှမ်းတစ်ဧက (၂၅၀,၀၀၀) ကျပ်၊ နှုန်းဖြင့်စပါး (၃၃) ဧက၊ နှမ်း (၁၁၆) ဧကစုစုပေါင်း (၁၄၉) ဧကအတွက် ချေးငွေပမာဏကျပ် (၃၈.၉၀) သန်းတို့ကို အသီးသီးစတင်ထုတ်ချေးပေးလျက်ရှိသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအားစပါးဧက (၁၀၀၀)၊ အခြားသီးနှံဧက (၂၈၅၀၀) စုစုပေါင်းဧက (၂၉၅၀၀) အတွက် ချေးငွေပမာဏကျပ် (၇၄၂၅.၀၀) သန်းထုတ်ချေးရန်လျာထားကြောင်းနှင့် ထုတ်ချေးရန်ကျန်ရှိသည့် ကျေးရွာအုပ်စုများသို့ ဆက်လက်ထုတ်ချေးနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမန်နေဂျာ ဒေါ်မိုးမိုးသိန်းထံမှ သိရသည်။
လှဝင်း