ပွင့်ဖြူမြို့နယ်အတွင်း နွေနှမ်းစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ မေ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း နွေသီးနှံနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား ယနေ့နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေး မှူး ဦးအေးလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး နွေနှမ်းစိုက်ခင်းများ ပန်းတိုင်အထွက်နှုန်း ရရှိရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင်နှင့်ကော်မတီအဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့်ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ  ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးထားရှိသော ကံသာကြီးကျေးရွာ ကွင်းအမှတ်(၉၅၀)၊ ဦးပိုင်အမှတ်(၁/၂)တွင် ဘောင်ကျယ်နှင့်မြောင်းစနစ်ဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော နွေနှမ်းစံပြကွက်စိုက်ခင်းအားကြည့်ရှုစစ်ဆေးကာ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး စနစ်ကျသော စိုက်ပျိုးရေးနည်းလမ်းများဖြင့် ကြိုးစားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆီစားသုံးမှုဖူလုံစေရန်ရည်ရွယ်၍ တစ်မြို့နယ်လုံး နွေနှမ်းစိုက်ဧက ၃၃၇၃၇ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၅၇၆၂၅ ဧကထိ စိုက်ပျိုးနိုင်ခဲ့ပြီး သတ်မှတ်လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရကာ လက်ရှိတွင်စိုက်ပျိုးထားရှိသော နွေနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )