ကော့သောင်းခရိုင် ဂုဏ်ဆောင်လူရည်ချွန်မောင်မယ်များအား နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆို

ကော့သောင်း မေ ၁၂

၂၀၂၆ ခုနှစ်၊ ကော့သောင်းခရိုင်မှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ကြီးကြပ်ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများလိုက်ပါသည့် နေပြည်တော်၊ ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာ လေ့လာရေးခရီးစဉ်သွားရောက်ရာမှ ယ‌နေ့ညဦးပိုင်း‌တွင် ကော့သောင်းလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ဆရာမများ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား/သူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ကြီးကြပ်ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများလိုက်ပါသည့် နေပြည်တော်၊ ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာလေ့လာရေးခရီးစဉ်သို့ ဧပြီ (၃၀) ရက်နေ့မှ ထားဝယ်လေဆိပ်မှ ထွက်ခွာခဲ့ပြီး ယနေ့တွင် ကော့သောင်းလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့မှ လူရည်ချွန် ကျောင်းသား/သူ(၇)ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုပန်းကုံးများ၊ လက်ဆောင်ပစ္စည်းများဖြင့်  နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက လူရည်ချွန်ကျောင်းသား/သူများနှင့် တွေ့ဆုံဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားခဲ့ပြီး ကော့သောင်းမြို့နယ်ဂုဏ်ဆောင် အထက(၁) ကျောင်းမှ (၂) ထပ်ကွမ်း Grade-12 လူရည်ချွန်ကျောင်းသား မောင်အောင်ပိုင်ဖြိုး၊ အထက(ခွဲ) အလက(၁)ကျောင်းမှ (၂)ထပ်ကွမ်း Grade-10 လူရည်ချွန်ကျောင်းသား မောင်ဘုန်းခန့်ပိုင်၊ Grade -9 လူရည်ချွန်ကျောင်းသူ မယွန်းရွှေရည်မိုး၊ အထက(ခွဲ) အလက(၂)ကျောင်းမှ Grade -9 လူရည်ချွန်ကျောင်းသား မောင်ဖြိုးဟန်စိုး၊ အထက(ခွဲ) အလက(၄)မှ Grade-12 လူရည်ချွန် ကျောင်းသူ မဖြူဖြူစန်း၊ ဘုတ်ပြင်းမြို့နယ်ဂုဏ်ဆောင် အထက (ဘုတ်ပြင်း)မှ (၂)ထပ်ကွမ်း Grade-11 လူရည်ချွန်ကျောင်းသား မောင်စံချိန်မီနှင့် (၂)ထပ်ကွမ်း Grade-11လူရည်ချွန် ကျောင်းသူ မဖြူသင်းခိုင်တို့အား ကြိုဆိုရေးယာဉ်တန်းများဖြင့် မြို့အတွင်း လှည့်လည်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)