ထားဝယ် မေ ၁၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက်၌ ဓမ္မစကူးလ်ကျောင်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပြန်လည်အင်အားကောင်းနိုင်ရန်ရည်ရွယ်၍ ဓမ္မစကူးလ် ဖောင်ဒေးရှင်း(ဗဟို)၏ (၁၃၉၂)ကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးများက ကျောင်းတိုက်၌ ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီမီးပူဇော်ပြီး တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ ဂဏဝိမုတ်ကူးတို့ဂိုဏ်း ဒုတိယဂိုဏ်းချုပ်ဆရာတော်ဘဒ္ဒန္တနန္ဒဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးလူမှုရေးရာ၀န်ကြီး ဦးသက်နိုင်က ဒုတိယဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် မြို့မယဉ်ငေးမဟာစည်သာသနာ့ရိပ်သာ ပဓာနနာယက ထားဝယ်ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တဣန္ဒဉာဏမှ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုလျှောက်ထားပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ ဒွိပိဋကဓရ၊ ဝိနယပါဠိပါရဂူ၊ ပိဋကတ္တယပါရဂူ၊ အဂ္ဂမဟာကျော်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသိရီကဉ္စနာဘိဝံသဆရာတော်မှ ဩဝါဒစကား လျှောက်ထားမိန့်ကြားသည်။
ဆက်လက်၍ ထားဝယ်လေးမြို့နယ်ဓမ္မစကူးလ်ကော်မတီများကိုယ်စား ထားဝယ်ခရိုင်ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ ကနိုင်းဒါကျောင်းကြီးဆရာတော် ဘဒ္ဒန္တဣန္ဒကမှ ဓမ္မစကူးလ်ဆောင်ရွက်ချက်များကို တင်ပြလျှောက်ထားပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) နည်းပြဆရာဦးသက်တိုး ကသင်ရိုးညွန်းတမ်း ဆိုင်ရာများကို လျှောက်ထားသည်။
ယင်းနောက်ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးသော အလှူရှင်များအား တိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဝမ်းမြောက်စကားပြောကြားသည်။ အဆိုပါ (၁၃၉၂) ကြိမ်မြောက်ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းတွင်သင်တန်းသား/ကျောင်းသူ ၆၀ အား မေ ၁၇ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)