လောင်းလုံးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

လောင်းလုံး မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ဦးဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက် ၁၀နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦး‌ဆောင်၍ တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား  မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ကြရန်ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို ဌာနဆိုင်ရာဝန်ထမ်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

သိန်းသိန်း(လောင်းလုံး)