မြိတ်မြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြိတ်    မေ    ၁၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးတွင် အရေးပါပြီး သားစဉ်မြေးဆက်မြေယာပိုင်ဆိုင်မှုရရှိစေရန် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် မေ(၁၀)ရက် နံနက်ပိုင်းက စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာတွင် ကျေးရွာမြေငှားဂရမ် ဆောင်ရွက်မည့်မြေနေရာများအား စစ်ဆေးတိုင်းတာ ကြသည်။

 “နိုင်ငံတော်အစိုးရသစ်ရဲ့ ရက်(၁၀၀)စီမံချက်အနေနဲ့ ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းကို စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ မြေငှားဂရန်ရရှိခြင်းအားဖြင့် ဒေသခံ အတွက်လည်း မြေယာပိုင်ဆိုင်မှုတွေ ခိုင်မာမှုရှိသွားမယ်။ သူတို့အတွက်လည်း သားစဉ်မြေးဆက်လွှဲပြောင်းလက်ခံခွင့်ရသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းတွေမှာ လိုအပ်တဲ့အရင်းအနှီးတွေရရှိအောင်ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ ရက်(၁၀၀)အတွင်းမှာ လျင်လျင်မြန်မြန်နဲ့ အားလုံးအဆင်ပြေအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု  မြို့နယ်အုပ်ချုပ်ရေးမှုး ဦးပြည်ဟိန်းကျော်က ပြောသည်။ 

ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများကွင်းဆင်းပြီး ဒေသခံများနှင့် တွေ့ဆုံရာ၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦးက ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက  ကျေးရွာမြေငှား ဂရန်ထုတ်ပေးမည့် လုပ်ငန်းစဉ်များနှင့် မြို့နယ်မြေစာရင်းဦးစီးမှူး ဦးအောင်ထွေးက မြေငှားဂရန်ထုတ်ပေးရေးဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးပြောကြားကြသည်။

“ကျေးရွာမြေငှားဂရန် ထုတ်ပေးတဲ့အပေါ်မှာ လက်ရှိကျေးရွာမြေငှားဂရန်ရရှိလာတဲ့အတွက် ကျွန်တော်တို့ရဲ့ မြေယာကခိုင်မာမှုရှိလာမယ်။ စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍတွေမှာလည်း ကျေးရွာမြေငှားဂရန်ရရှိတဲ့အတွက် သက်ဆိုင်ရာဘဏ်တွေမှာ အတိုးနှုန်းသက်သာစွာနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ထုတ်ချေးနိုင်မယ်။ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတိုး တက်လာမယ်။ ဒီလိုလာရောက်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကို များစွာကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်”ဟု ကျွဲကူးကျေးရွာနေ ဦးသန်းအောင်က ပြောသည်။

ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက မြေငှားဂရန်ဆောင်ရွက်မည့် မြေနေရာများအား ကွင်းဆင်းစစ်ဆေးတိုင်းတာကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )