မြိတ် မေ ၁၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှ လူရည်ချွန်မောင်မယ် ကျောင်းသား/ကျောင်းသူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ယနေ့ မွန်းတည့်(၁၂)နာရီက လေကြောင်းခရီးဖြင့် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ မြိတ်လေဆိပ်၌ တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူး၊ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများက သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။
ဂုဏ်ပြုကြိုဆိုရာတွင် လူရည်ချွန်မောင်မယ်များကို တိုင်းဒေသကြီးပညာရေးမှူး ဦးဝင်းနောင်၊ ခရိုင်/ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ တာဝန်ရှိသူများ၊ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ ထို့နောက် လေဆိပ်ခန်းမဆောင်တွင် တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များအားတွေ့ဆုံ၍ တိုင်းဒေသကြီးပညာရေးမှူးက ဂုဏ်ပြုအမှာစကားပြောကြားပြီး လူရည်ချွန်မောင်မယ်များမှ လူရည်ချွန်လေ့လာရေး အတွေ့အကြုံများကို မျှဝေကြသည်။
မြိတ်ခရိုင်၏ လူရည်ချွန်မောင်မယ်များတွင် Grade-9 မှ(၂)ဦး၊ Grade-10 မှ(၂)ဦး၊ Grade-11 မှ(၂)ဦးနှင့် Grade-12 မှ(၁)ဦးတို့မှ ကျောင်းသား/ကျောင်းသူများဖြစ်ကြကာ ၎င်းတို့သည် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့် နေပြည်တော်လူရည်ချွန်လေ့လာရေးအပန်းဖြေစခန်းများသို့ သွားရောက်လေ့လာခဲ့ကြပြီး ယနေ့တွင် ရန်ကုန်မြို့မှ မြိတ်မြို့သို့လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
လူရည်ချွန်မောင်မယ်များ လေ့လာရေးအပန်းဖြေစခန်းများတွင် ပြိုင်ပွဲများကို တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပဟေဠိပြိုင်ပွဲ၌ ပထမဆုကို အထက(၃)မြိတ်မှ Grade-9 ကျောင်းသား မောင်ရန်ပိုင်ဦးရရှိခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )