သရက်ချောင်းမြို့နယ်၌ မိုးစပါးပေါင်းပျိုး (Raised Bed) စိုက်ပျိုးရေးနည်းစနစ်နည်းပညာပေး သင်တန်းဖွင့်လှစ်

သရက်ချောင်း မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးသောတောင်သူများအား မိုးစပါးပေါင်းပျိုး (Raised Bed) စိုက်ပျိုးရေးနည်းစနစ်နည်းပညာပေး သင်တန်းဖွင့်လှစ်သင်ကြားခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီတွင် မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များစွာရှိသည့်အနက် မျိုးစေ့အကုန်အကျသက်သာပြီး ပေါင်နှင့်ပျိုးထောင်ခြင်းဖြင့် ပျိုးပင်သန်စွမ်းပြီး ပင်ပွားများစွာပွား၍ တစ်ဧကအထွက်နှုန်းတိုးတက်ခြင်း၊ ဒေသရေမြေနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများကို လိုက်နာကျင့်သုံးဆောင်ရွက်စေရေးနှင့် သီးနှံအထွက်နှုန်း မထိခိုက်စေသည့် ဓာတ်မြေဩဇာ လျော့ချသုံးစွဲနည်းလမ်းများကို ရှင်းလင်းဆွေးနွေး
သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းသို့ ဆင်ဖြူပြင်၊ ပန်းတော၊ ဆင်ကူးကျေရွာများမှ တောင်သူ ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရပြီး ရက်(၁၀၀)စီမံချက်အတွင်း စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင် (ပြန်/ဆက်)