မြန်အောင်မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးပညာပေး သင်တန်းဖွင့်လှစ်

မြန်အောင် မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အစိုးရအသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်း ဖွင့်လှစ်ခဲ့သည်။

ဦးစွာ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေတို့က အဖွင့်အမှာစကားပြောကြားကြပြီး မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးသိင်္ဂီသင်းက မွေးမြူရေး သမားများအား ရက် ၁၀၀ စီမံချက်ဖြင့် ကူးစက်ရောဂါထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ရက် ၁၀၀ စီမံချက်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်ပွဲသို့ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းသန်း၊ ဦးအောင်မျိုးဦး၊  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသားများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် တိရစ္ဆာန်အမျိုးအစားများနှင့် ဖြစ်ပွားတတ်သော ရောဂါများ၊ စီမံခန့်ခွဲခြင်း အပိုင်းသုံးပိုင်းဖြင့် သင်ကြားသွားမည်ဖြစ်ပြီး အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ တာဝန်များ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးကောင် စသည်ဖြင့်ရောဂါဖြစ်စေသောအကြောင်း ရင်းများနှင့် ရောဂါလက္ခဏာများ၊ ပဋိဇီဝဆေးများ၊ ကာကွယ်ဆေး၊ ကုသဆေးနှင့် အထောက် အကူပြုဆေးဝါးများ၊ သားသတ်လိုင်စင်ရလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်စသည့် သင်ခန်းစာများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်တန်းကာလ ၂ ရက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)