ကမ္ဘာ့ကြက်ခြေနီနေ့အကြို ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)အဆင့် သင်တန်း ဆင်းပွဲများ အ.ထ.က (၁) မြန်အောင်၌ကျင်းပ

မြန်အောင် မေ ၇

ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏လမ်းညွှန်မှုဖြင့် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ကြက်ခြေနီနေ့အကြို ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) အဆင့် သင်တန်းဆင်းပွဲကို ယနေ့နံနက်က အ.ထ.က(၁) မြန်အောင်၌ ကျင်းပပြုလုပ်သည်။

ဦးစွာအခမ်းအနားသို့ တက်ရောက်ကြသူများကမြန်မာနိုင်ငံတော်အလံအား အလေးပြုပြီး ကြက်ခြေနီသစ္စာဓိဌာန်ရွတ်ဆိုကြသည်။

ထို့နောက်မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး မြန်အောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက မြန်မာနိုင်ငံကြက်ခြေနီအသင်း ဖြစ်ပေါ်လာပုံအကြောင်းပြောကြားသည်။ မြို့နယ်ပညာရေးမှူး ဦးကျော်တင့်ဝင်းက သင်တန်းဆင်း ဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်ပြုံးမြင့်က သင်တန်းများဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ သင်တန်းကုန်ကျစရိတ်၊ အလှူရှင်များ၏ လှူဒါန်းမှုနှင့် သင်တန်းသား/သင်တန်းသူများအား ထောက်ပံ့ပေးမှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)အဆင့် သင်တန်းအမှတ်စဉ် (၁) ၊ (၂) ၊ (၃) ၊ (၄) ၊ (၅) ၊ (၆) သင်တန်းမှ သင်တန်းသား ကျား ၇၉ ဦး၊ မ ၁၀၁ ဦး၊ ဆရာ/ဆရာမ ၁၂ ဦးတို့မှထူးချွန်ကြက်ခြေနီ မောင်မယ်များ၊ ဆရာဆရာမများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ‌ပေး အပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) အဆင့်သင်တန်းကိုကျောင်းသားလူငယ်များ ကြက်ခြေနီစိတ်ဓါတ်ရှိပြီး ရုတ်တရက်ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များကိုကူညီနိုင်‌ရန်နှင့် ကာကွယ်နိုင်ရန်သင်တန်း ဖွင့်လှစ်ခြင်းဖြစ် ကြောင်းနှင့်ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးသူနာပြုစုခြင်းအခြေခံ သဘောတရားများနှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများသင်ကြား‌ပေးခဲ့ကြောင်း မြန်အောင်မြို့နယ်ကြက်ခြေနီအသင်း ခွဲမှသိရသည်။

ဝင်းဗိုလ် (မြန်အောင်)