အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကူညီထောက်ပံ့ရေး ပစ္စည်းများနှင့်အတူ ထီးချိုင့်မြို့သို့ရောက်ရှိ

မုံရွာ  မေ  ၁၀

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ထီးချိုင့်မြို့အား ၁၇-၃-၂၀၂၆ ရက်နေ့တွင် တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ထီးချိုင့်မြို့နယ်တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအနေဖြင့် အိုးအိမ်တိုက်တာစည်းစိမ်များကို စွန့်ခွာတိမ်းရှောင်နေကြရပြီး ၎င်းတို့၏ လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အဖက်ဖက်မှ နိမ့်ကျမှုများ၊ တိုက်ပွဲ၏ အနိဋ္ဌာရုံများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကြောင့် တပ်မတော်က အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ကြိုဆိုလက်ခံကြပြီး မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာနေထိုင်ခဲ့ရသည့် ပြည်သူအချို့မှာလည်း ၎င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်ဝင်ရောက်လျက် ရှိကြကြောင်း သိရသည်။

ယနေ့တွင် ထီးချိုင့်မြို့ဒေသခံပြည်သူလူထုအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားရန်နှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင် ကျောင်းများ၊ ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ထီးချိုင့်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်း (၁၃၈)ဦး၊ ၎င်းတို့၏ မှီခိုသူ (၄၄)ဦး စုစုပေါင်း (၁၈၂)ဦးသည် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်း များနှင့်အတူ မေလ ၉ ရက်နေ့ ညနေပိုင်းတွင် မော်တော်ယာဉ်များဖြင့်  စစ်ကိုင်းမြို့မှ ထီးချိုင့်မြို့သို့ ရောက်ရှိလာကြရာ နယ်မြေခံတပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။

ဒေသခံပြည်သူများအနေဖြင့်လည်း တိုက်ပွဲ၏ဆိုးကျိုးများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြရသဖြင့် ငြိမ်းချမ်းမှုကိုသာ လိုလားကြောင်း၊ ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးငယ်များ၏ ပညာသင်ယူခွင့်တို့လည်း ယခင်ငြိမ်းချမ်းစဉ်ကဲ့သို့ပင် ပုံမှန် ပြန်လည် လည်ပတ်စေရန်မျှော်လင့်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် အဖက်ဖက်က ပျက်စီးဆုံးရှုံးခဲ့ရသည့် ထီးချိုင့်မြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်များတွင် တပ်မတော်နှင့်အတူ ဌာနဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)