ပေါင်းတည် မေ ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်အသီးသီးရှိ တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder) များ ဖြန့်ချိပေးလျက်ရှိရာ မေ ၈ ရက်နေ့က ပေါင်းတည်မြို့နယ်အတွင်းရှိ တောင်သူများအား ဒုတိယအကြိမ် ဖြန့်ချိပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမျိုးစေ့ချကိရိယာများ ပေးအပ်ပွဲကို ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ပြုလုပ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး တောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ယခု ဒုတိယအကြိမ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာအုပ်စု (၃၀) မှ တောင်သူ (၁၂၆) ဦးအား စနစ်တကျ စီမံဖြန့်ချိပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေသား (IPRD)