လူရည်ချွန်စခန်း (ငွေဆောင်၊ချောင်းသာ) မှ လူရည်ချွန်မောင်မယ်များ  ပုသိမ်မြို့သို့ လေ့လာရေး ခရီးသွားရောက်

ပုသိမ်   မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်နှင့်ချောင်းသာလူရည်ချွန်စခန်းများသို့ အပန်းဖြေလေ့လာရေးခရီး ရောက်ရှိနေကြသည့် လူရည်ချွန်မောင်မယ်များသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့သို့ ဒေသန္တရဗဟုသုတ လေ့လာရေးခရီး သွားရောက်ခဲ့ကြသည်။

ရှေးဦးစွာ ငွေဆောင်လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်မယ်(၁၃၃)ဦးနှင့် ချောင်းသာလူရည် ချွန်စခန်းမှ လူရည်ချွန်မောင်မယ်(၂၉၁)ဦး စုစုပေါင်း(၄၂၄)ဦးတို့သည် ပုသိမ်မြိုရှိ ရွှေမု‌‌ဋ္ဌော မဟာစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး ပန်း၊ ဆီမီးနှင့်ရေချမ်းများ ဆက်ကပ်ကာ စေတီတော်မြတ်ကြီးအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ရာ  ဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး ဘုရားသမိုင်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် လူရည်ချွန်မောင်မယ်များသည် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမျှော်ကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ လူရည်ချွန်မောင်မယ်များသည် ပုသိမ်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့်  Royal Lake သို့ သွားရောက်လေ့လာကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခြင်း၊ တေးဂီတအဖွဲ့၏ ဖျော်ဖြေမှုကို နားဆင်ခြင်း၊ ကိုယ်တိုင်ပါဝင်သီဆိုခြင်းများကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပုသိမ်တက္ကသိုလ်တွင် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုဧည့်ခံပွဲ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်က ဂုဏ်ပြုအမှာစကားပြောကြားပြီး လူရည်ချွန် မောင်မယ်များနှင့် လူရည်ချွန်ဟောင်းကြီးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူရည်ချွန်မောင်မယ်များနှင့် နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။

ယင်းနောက် လူရည်ချွန်မောင်မယ်များသည် ရွှေမြင်းပျံနှင့် ရွှေမြင်း ပုသိမ်ဟာလဝါလုပ်ငန်းများသို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက ဟာလဝါထိုးမုန့်ပြုလုပ်ပုံနှင့် ထုတ်ပိုးမှုအဆင့်ဆင့် အားလည်းကောင်း၊ ပုသိမ်ထီးပြုလုပ်ပုံအဆင့်ဆင့်အားလည်းကောင်း၊ ပင်လယ်ထွက်အမှတ်တရ လက်ဆောင်ပစ္စည်းပြုလုပ်ပုံများအား လိုက်လံရှင်းလင်းပြသပြီး ဟာလဝါနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများသည် ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်အပန်းဖြေစခန်းများသို့ ပြန်လည်ထွက်ခွာခဲ့ကြပြီး လူရည်ချွန်စခန်းသို့ ရောက်ရှိချိန်တွင် ဌာနဆိုင်ရာများနှင့် ဟိုတယ်ဝန်ထမ်းများက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)