ကန်ကြီးထောင့် ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦးအား မီးလောင်ပြင်သုံးနှင့် ရှာဖွေ ကယ်ဆယ်ရေးသုံး တူညီဝတ်စုံများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် မီးဘေး၊ ရေဘေးအပါအဝင် သဘာဝဘေးအမျိုးမျိုးဖြစ်ပွားမှုတို့တွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေး လျက်ရှိသလို ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်လည်း တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြသည့်အတွက် တပ်ဖွဲ့ဝင်အားလုံးကို အသိအမှတ်ပြု လေးစားဂုဏ်ယူပါကြောင်း၊ ဆက်လက်၍လည်း သဘာဝဘေးကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးမှ တူညီဝတ်စုံများပေးအပ်ရခြင်း ရည်ရွယ်ချက်များနှင့် လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်နှင့် တာဝန်ရှိသူများမှ မီးလောင်ပြင်သုံးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး တူညီဝတ်စုံများကို ပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင် များမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)