ငါးသိုင်းချောင်း မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ် ကာကွယ်ရေးဟောပြောပွဲကို မေ ၅ ရက်နေ့ နေ့လယ်ပိုင်းက မြို့သစ်ရပ်ကွက်၊ ဆားကျောင်း ကျောင်းတိုက်၌ ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ဦးတင်ထွန်းအောင်နှင့် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန်ဒေါက်တာဦးသန့်ဇော်ထွန်းမှ သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန်အတွက် ခြင်ပေါက်ပွားနိုင်သည့် နေရာများအား အထူးရှင်းလင်း ဆောင်ရွက်ရန်နှင့် ခြင်ကောင်ဖြစ်မှနှိမ်နင်းခြင်းထက် ပိုးလောက်လန်းဘဝတွင် နှိမ်နင်းခြင်းက ပိုမိုထိရောက်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူး ဦးဝင်းဇော်မြင့်နှင့် ငှက်ဖျားတိုက်ဖျက်ရေးတာဝန်ခံ ဦးရှင်းသန့်တို့က ကလေးငယ်များကို သွေးလွန်တုတ်ကွေးဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနတွင် အချိန်မီသွားရောက် ပြသကုသမှုခံယူသင့်ကြောင်းနှင့် တက်ရောက်လာသူများအား အပြန်အလှန်နား လည်သဘောပေါက်အောင် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်ဟောပြောပွဲသို့ မြို့နယ်ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြို့ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ထိုသို့တက်ရောက်လာသူများအား သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)