တောင်တွင်းကြီး မေ ၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့်လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှအသက်(၉)နှစ်အောက် ကလေးငယ်များအား ကူးစက်ရောဂါကင်းဝေးစေရန်ရည်ရွယ်၍ တောင်တွင်းကြီးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနအနေဖြင့် မွေးကင်းစမှ အသက်(၉)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးရာတွင် ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ )၊ ဆုံဆို့- ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်နှင့်သားအိမ်ခေါင်းကင်ဆာရောဂါတို့မှကင်းဝေးစေရန် အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများထိုးပေးခြင်း၊ ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများဆောင်ရွက်ပေးကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)