ချောင်းသာ မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ လူရည်ချွန်စခန်း(ချောင်းသာ)တွင် စခန်းချနေထိုင်မည့် တက္ကသိုလ်လူရည်ချွန်မောင်မယ်များသည် မေ ၆ ရက်နေ့ည ၈ နာရီအချိန်က ချောင်းသာမြို့သို့ ရောက်ရှိလာကြရာ ချောင်းသာမြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက ချောင်းသာမြို့အဝင်နှင့် လူရည်ချွန်စခန်း(ချောင်းသာ)မုဒ်ဦးတို့တွင် ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
လူရည်ချွန်မောင်မယ်များသည် ချောင်းသာမြို့ AKARIZ Garden Resort တွင် ယာယီဖွင့်လှစ်ထားသည့် လူရည်ချွန်စခန်း(ချောင်းသာ)တွင် စခန်းချနေထိုင်ပြီး လူရည်ချွန်ဟောင်းကြီးများနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံခြင်း၊ ဒေသန္တရဗဟုသုတများ လေ့လာခြင်း၊ ကမ်းခြေတွင်အပန်းဖြေခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်စခန်း(ချောင်းသာ)တွင် မြန်မာတစ်နိုင်ငံလုံးမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် လူရည်ချွန်မောင်မယ် (၂၉၁)ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမများက မေလ(၆)ရက်နေ့မှ မေလ(၁၀)ရက်နေ့အထိ ယာယီစခန်းချနေထိုင်သွားမည်ဖြစ်ပြီး အဆင်ပြေချောမွေ့စွာ သွားလာနေထိုင်စေနိုင်ရေးအတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မျိုးဝင်း (ပြန် / ဆက်)