ဒေးဒရဲမြို့၌ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဒေးဒရဲ မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ​​ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အဖွင့်အမှာစကားပြောကြားရာ တိုင်းဒေသကြီး ဘတ်ဂျက်မှအဖွဲ့အစည်းများနှင့် ဌာနများအတွက် ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေး၊ ဆည်မြောင်းလုပ်ငန်းစသည့် ပြည်သူအများစုကို တိုက်ရိုက်အကျိုးပြုသော လုပ်ငန်းများကို ဦးစားပေးလျာထား ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူများ ရေတိုလက်ငင်း အကျိုးကျေးဇူး ရရှိနိုင်ရေး လျင်လျင်မြန်မြန် အကောင်အထည် ဖော်ဆောင်ပေးနိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန်များ၊ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်မည့်ဌာနများနှင့် အဖွဲ့အစည်းများ အချိတ်အဆက်မိမိဖြင့် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။ ထိုနောက်၂၀၂၆-၂၀၂၇ ဒေသန္တရစီမံကိန်း တာဝန်များကို ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများက ဒေသန္တရစီမံကိန်းတာဝန်များ ပေးအပ်ရာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

အေဇာလင်း