မင်းဘူး မေ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မဲဇလီရေလွှဲဆည်၏ ဆည်ရေသောက်ဧရိယာတွင် ပါဝင်သည့် မြို့နယ်များရှိ ဒေသခံတောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးချိန် စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ စိုက်ပျိုးရေကို ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချနိုင်စေရန်နှင့် စိုက်ပျိုးရေကို စိုက်ကွင်းများဆီသို့ အချိန်တိုအတွင်း လိုအပ်သော ရေပမာဏ ရရှိစေရန်အတွက် လယ်ကြားမြောင်းများတူးဖော်၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရေလွှဲဆည်၏ ဆည်ရေသောက်ဧရိယာများတွင်ပါဝင်သည့် မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်းမြို့နယ်များတွင် ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် နွေစပါး ၂၅၃၇၈ ဧကနှင့် အခြားသီးနှံ(နွေနှမ်း) ၄၅၇၄၀ဧက၊ စုစုပေါင်း ၇၁၁၁၈ ဧကအထိ စိုက်ပျိုးရန် လျာထားခဲ့ပြီး စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် သီးနှံအတွက် လိုအပ်ရေ ပမာဏအတိုင်း အချိန်မီရရှိစေရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့်တောင်မုန်းနှင့် မြောက်မုန်းမြောင်းမ ကြီးများမှတဆင့် စိုက်ပျိုးရေကို လိုအပ်သလို ရေပေးဝေစီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေကို ၂၀၂၆ ခုနှစ် ဖော်ဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြောက်မုန်းမြောင်းမကြီးသို့လည်းကောင်း၊ အခြားသီးနှံ (နွေနှမ်း) စိုက်ပျိုးနိုင်ရန်အတွက် မတ်လ ၇ ရက် နေ့တွင် တောင်မုန်းမြောင်းမကြီးသို့လည်းကောင်း စိုက်ပျိုးရေများ စတင်ပေးဝေခဲ့ရာ ဧပြီလ ၃၀ ရက်နေ့အထိ နွေစပါး ၁၃၇၀၉ ဧကနှင့် အခြားသီးနှံ (နွေနှမ်း) ၅၇၄၄၀ ဧက စုစုပေါင်း ၇၁၁၅၉ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကာ ယခုအခါအဆိုပါ သီးနှံစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်/မြောင်း)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါသီးနှံစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းစေရန်နှင့် စိုက်ကွင်းများဆီသို့ အချိန်တိုအတွင်း လိုအပ်သောရေပမာဏ ရရှိစေရေးအတွက် လယ်ကြားမြောင်းများတူးဖော်ခြင်း၊ ရှင်းလင်းခြင်း၊ နွေသီးနှံစိုက်ခင်းများတွင် လိုအပ်သော စိမ့်မြောင်း၊ ပတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို ဒေသခံတောင်သူများ၊ ရေအသုံးချသူများ အဖွဲ့(WUG)များနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သီးနှံစိုက် ခင်းများအတွင်း လယ်ကြားမြောင်းများ တူးဖော်ဆောင်ရွက်ခြင်းအားဖြင့် စိုက်ပျိုးရေးကို အကျိုးရှိစွာ အသုံးချနိုင်ပြီး မိုးများ၍ ရေကြီးခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း စသည့် ကောင်းကျိုးများကြောင့် မိမိတို့စိုက်ပျိုးမြေများတွင် လယ်ကြားမြောင်း စိမ့်မြောင်းနှင့် ပါတ်မြောင်းများအား သီးနှံစိုက်ပျိုးချိန် ရာသီအလိုက် တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဌာနမှ တာဝန်ရှိသူများနှင့် ရေအသုံးချသူ တောင်သူများ ပူးပေါင်း၍ စနစ်တကျ စီမံဆောင်ရွက် လျက်ရှိကြောင်းရသည်။
မောင်မောင်(မင်းဘူး)