ငွေဆောင် မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့စည်ပင်သာယာရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သည့် (ငွေဆောင်မြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီအဖွဲ့) တို့ ပူးပေါင်း၍ ငွေဆောင်မြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအား မေလ (၄) ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ငွေဆောင်တိုက်နယ်ဆေးရုံ၌ ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးထွန်းကျော်က ငွေဆောင်မြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီအဖွဲ့အား တွေ့ဆုံအမှာစကားပြောကြားရာတွင် ငွေဆောင်မြို့နေပြည်သူများအား သုံးစွဲရန်မသင့်လျော်သော ဆေးဝါးများကြောင့် မနစ်နာစေရေးအတွက် ရည်ရွယ်၍ ငွေဆောင်မြို့အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း၊ ကွင်းဆင်းစစ်ဆေးရာတွင် FDA မှ ချမှတ်ထားသော စည်းမျဥ်း၊စည်းကမ်းများနှင့်အညီ ဂရုတစိုက်စစ်ဆေးသွားစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပူးပေါင်းအဖွဲ့မှ ငွေဆောင်မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်ပိုင်ရှင်များအား သုံးစွဲရန်မသင့်သောဆေးဝါးများ ဝယ်ယူတင်သွင်းဖြန့်ချီရောင်းချပါက အမျိုးသားဆေးဝါးဥပဒပါပြဋ္ဌာန်းချက်များအရ အရေးယူအပြစ်ပေးခံရနိုင်သည့် အခြေအနေများကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဆေးဆိုင်များတွင် ဆေးဝါးရောင်းချခွင့် လိုင်စင် ရှိ/မရှိ၊ အများပြည်သူများ သုံးစွဲနေရသောဆေးဝါးများ အရည်အသွေးပြည့်မှီကောင်းမွန်စေရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် (Good Pharmacy Practice GPP) နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဆေးဝါးများသိုလှောင်ရာတွင် ကောင်းမွန်သော ဆေးဝါးသိုလှောင်မှုကျင့်စဥ် (Good Storage Practice GSP) နှင့်အညီ သိုလှောင်ရောင်းချခြင်း ရှိ/မရှိ၊ စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများနှင့် စပ်ဆေးများ ရောင်းချနေမှု ရှိ၊မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး (ပြန်/ဆက်)