စစ်တွေ မေ ၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်နှင့်ထိစပ် နေသည့်ဒေသဖြစ်ပြီး မိုးရေချိန်လက်မ (၂၀၀) ခန့် နှစ်စဉ်ရရှိပြီး စိုက်ပျိုးနိုင်မည့်လယ်ယာမြေများတွင် မိုးစပါးအများဆုံး စိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုထုတ်ကုန်များတိုးတက်ထုတ်လုပ်လာနိုင်စေရေး ဦးတည်ချက်နှင့်အညီ အရည်အသွေးမြှင့် လယ်ယာထုတ်ကုန်များကို အလေ့အလွင့်နည်းနိုင်သမျှနည်းအောင် ထုတ်လုပ်နိုင်ရေးသည် သမားရိုးကျထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့ ဆောင်ရွက် လုပ်ကိုင်နေကြသည့် လယ်မှုလယ်ယာစနစ်မှ မြေပြုပြင်ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ ရိတ်သိမ်းခြင်း၊ သီးနှံများသိုလှောင်ထိန်းသိမ်းခြင်းအဆင့်ဆင့်တွင် ခေတ်မီလယ်ယာသုံးစက်ကိရိယာများအား အသုံးပြုဆောင်ရွက်နိုင်သည့် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် လယ်ယာလုပ်ငန်းခွင်၌ စက်စွမ်းအားပြည့်အသုံးချနိုင်ရန်လိုအပ်မည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းခွင်တိုင်း၌ စက်စွမ်းအားပြည့် အသုံးချနိုင်ရန်အတွက် အဓိကအခြေခံလိုအပ်ချက်တွင် အရွယ်အစားအမျိုးမျိုးဖြင့် တည်ရှိနေသည့် လုပ်ကွက်ငယ်များကို ရေသွင်း၊ရေနုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများပါဝင်ပြီး အတိုင်းအတာ၊ အရွယ်အစားပုံသဏ္ဍာန်မှန်ကန်သည့် စက်မှုလယ်ယာ စနစ်ကျလယ်မြေများ ဖော်ထုတ်ပေးရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်နယ်ရန်ပုံငွေဖြင့် လယ်ယာသုံးစက်ကိရိယာများအား ဒေသအတွင်းရှိ တောင်သူများ လယ်ယာကဏ္ဍတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရန် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ယခုထောက်ပံ့ ပေးအပ်သည့်စက်ကိရိယာများကို သတ်တမ်းစေ့အသုံးပြုနိုင်ရေး၊ဘေးအန္တရာယ်ကင်းပြီး စက်စွမ်းအားပြည့်အသုံးပြုနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ)သင်တန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ကြိုးကြိုးစားစားလေ့လာခဲ့သော ထူးချွန်သင်တန်းသားများကို ဂုဏ်ပြုငွေများချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများသည် မိမိကျေးရွာအုပ်စု၏ လယ်ယာကဏ္ဍကို အထောက်အကူပြုသည့် ပုဂ္ဂိုလ်များဖြစ်ကြကြောင်း၊ ယခုထောက်ပံ့ပေးမည့် လယ်ယာသုံးစက်ကိရိယာများကို လက်ခံရရှိသည့် ကျေးရွာအုပ်စုများမှလည်း ရေရှည်အသုံးပြုနိုင်ရန်အတွက် စက်ကိရိယာများကို ကြံ့ခိုင်မှုပုံမှန်ပြုလုပ်၍ ထိန်းသိမ်းကြစေလိုကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်တွင် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရန်အတွက် အဓိကကျသည့် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း မြှင့်တင်၍ သိပ္ပံနည်းကျ စိုက်ပျိုးရေးနှင့် စက်မှုလယ်ယာစိုက်ပျိုးရေးစနစ်ကို ကူးပြောင်းရန်နှင့် မိရိုးဖလာ စိုက်ပျိုးရေးမှသည် စနစ်တကျစိုက်ပျိုးရေး၊ စက်မှုလယ်ယာစိုက်ပျိုးရေးကို ကူးပြောင်း၍ ပြည်တွင်း လိုအပ်ချက်ကို မြှင့်တင်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စစ်တွေမြို့နယ်၊ ဥယျာဉ်သာကျေးရွာ၊ စိုက်ပျိုးရေးမျိုးသန့်ခြံတွင် စက်မှုလယ်ယာစနစ်ကျ လယ်မြေ(၄၀) ဧကအား ဒေသတွင်းစံနမူနာပြစေရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ဖော်ထုတ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ မိမိဒေသလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တောင်သူဦးကြီးများမှာ အဓိကခြေခံအကျဆုံး ပုဂ္ဂိုလ်များဖြစ်သဖြင့်နည်းပညာ၊ နည်းစနစ်များပံ့ပိုးကူညီရန်အတွက်သက်ဆိုင်သည့်ဌာနများမှ နည်းပညာပေးသရုပ်ပြပွဲများ ဆောင်ရွက်ပေးရန်နှင့် တောင်သူဦးကြီးများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ လယ်ယာသုံးစက်ကိရိယာများအား လွှဲပြောင်းပေးအပ်ပြီးစက်ကိရိယာကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ) သင်တန်းတွင် ဆုရရှိသည့်သင်တန်းသားများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လယ်ယာသုံးစက်ကိရိယာများ ခင်းကျင်းပြသထားရှိမှုကိုလှည့်လည်ကြည့်ရှုစစ်ဆေးကြရာ စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လိုက်လံရှင်းလင်းပြသခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး