မော်လမြိုင် မေ ၃
၂၀၂၆ ခုနှစ် မေလ (၅)ရက်နေ့တွင်ကျရာက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သွေးလှူရှင်များ တက်ရောက်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စုပေါင်းသွေးလှူဒါန်းပေးကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများကို ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကို အားဆေးများ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်ခဲ့ပြီး နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပေးခြင်းအပေါ် ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကို ရင်းရင်းနှီးနှီး လိုက်လံအားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာ ရဟန်းခံ၊ ရှင်သာမဏေနှင့် သီလရှင် ဆရာလေးများအား သိမ်ဆင်းဆွမ်းခြောက်များ လောင်းလှူခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုပူဇော်ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ဧည့်ပရိသတ်အပေါင်းတို့က အနုမောဒနာ တရားတော်မြတ်ကို နာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)