ဝါးခယ်မ မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က မြသိန်းတန်ရပ်ကွက်ရှိ ကောင်းထက်စက်သုံးဆီအရောင်းဆိုင်တွင် မီးလောင်ကျွမ်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ အရံမီးသတ်တပ်ဖွဲ့များ၊ ရွှေလောင်း၊ ကျုံမငေး၊ ရွာသစ်၊မော်လမြိုင်ကျွန်းမြို့နယ်မှ ရေသယ်ယာဥ်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပရဟိတအသင်းအဖွဲ့များ အုပ်ချုပ်ရေးမှူးများ စုပေါင်း၍မီးငြိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၁၅ မိနစ်ချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဓါတ်ဆီဖြည့်နေစဥ် ဆီပန့်ဂေါက်တံနှင့် ပေပါနှုတ်ခမ်းတို့ပွတ်တိုက်မှုဖြစ်ပြီး မီးပွားထွက်၍မီးလောင်မှု ဖြစ်ပေါ်ရခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်းသိရှိရပြီး၊ တာဝန်ရှိသူအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြောင်းမြခရိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရောက်ရှိလာပြီး မီးငြိမ်းသတ်မှု အခြေအနေနှင့် ပြန်လည်သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြီးကြပ်ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)