သထုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံမွေးမြူရေး ပညာပေးသင်တန်း ဖွင့်လှစ်

သထုံ မေ ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက် စီစဉ်ဖွင့်လှစ်သည့် အခြေခံမွေးမြူရေး ပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လိပ်အင်းရပ်ကွက်ရှိ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဥမ္မာနှင်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာခွန်မင်းမောင်က သထုံမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ စနစ်တကျလုပ်ကိုင်နိုင်ပြီး မွေးမြူရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကူးစက်ရောဂါဖြစ်ပွားမှုများ လျော့နည်းနိုင်စေရန်နှင့် မွေးမြူသူများ ဝင်ငွေတိုးပွားလာစေရေးတို့အတွက် မွေးမြူရေးလုပ်ကိုင်သူများအား ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက တိရစ္ဆာန်ကျန်းမာရေး‌ စောင့်ရှောက်မှုဆိုင်ရာ သိကောင်းစရာများ၊ ပဋိဇီဝဆေးယဉ်ပါးမှု အကြောင်း၊ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်၊ ဇီဝလုံခြုံမှု၊ နွားဝက်ကြက် မွေးမြူရေး စသည့် ဘာသာရပ်တို့ကို သထုံမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင် (၁၅) ဦးတို့အား နှစ်ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်