မိုင်းပျဉ်းမြို့နယ်အတွင်းရှိ လေပြင်းဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့စရိတ်များ ပေးအပ်

မိုင်းပျဉ်း မေ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တို့တွင် လေပြင်း‌တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော လူနေအိမ်များမှ အိမ်ထောင်စုများအား ထောက်ပံ့ စရိတ်ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရမည့် အခြေအနေများ၊ ကြုံတွေ့လာပါက ဆောင်ရွက်ရမည့် အခြေအနေများနှင့် ဘေးအန္တရာယ်ပြီးစီးပါက ဆောင်ရွက်သွားရမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်  မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တို့တွင် (၂၈-၄-၂၀၂၆) ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းပျဉ်းမြို့နယ်၊ နောင်ကွဲအုပ်စုတွင် လူနေအိမ်(၉)လုံး၊ နမ့်ရှိုအုပ်စုတွင် လူနေအိမ်(၄)လုံး၊ ဖါဝေါအုပ်စုတွင် လူနေအိမ်(၃)လုံးနှင့် ဖာခမ်းအုပ်စုတွင် လူနေအိမ်(၄၄)လုံး စုစုပေါင်းအိမ်ခြေ(၆၀)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၎င်းပျက်စီးနေအိမ်များမှ အိမ်ထောင်စုလူဦးရေ ကျား/မ (၃၈၂) ဦးတို့အတွက် ထောက်ပံ့စိရတ်ငွေများကို အိမ်ထောင်စုတစ်စုလျှင် ကျပ်(၅၀,၀၀၀/-)နှုန်းနှင့် လူတစ်ဦးလျှင် ကျပ်(၅၀၀၀/-)ဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၄,၉၁၀,၀၀၀/-) တိတိကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစောရန်အောင်က မြို့နယ်စိမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်ထံသို့ ပေးအပ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလေပြင်းဘေးသင့် အိမ်ထောင်စုများသို့ ထောက်ပံ့စရိတ်များပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စိမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လေဘေးသင့်အိမ်ထောင်စုများမှ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 နန်းသန္တာဦး(ပြန်ဆက်)