ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားနှင့် တိုင်းဒေသကြီးမှ လူရည်ချွန်မောင်မယ်များအားဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ်        မေ       ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလုပ်ရှင်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမား များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်အလုပ်သမားဝန်ကြီးဌာန၏ လုပ်ဆောင်ချက် Video Clip ပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးမှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "လူရည်ချွန်ဆိုသည်မှာ စာတော်ရုံတင်မကဘဲ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု၊ စာရိတ္တမဏ္ဍိုင် ကောင်းမွန်မှုနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုစသည့် အရည်အချင်းအဖုံဖုံနှင့် ပြည့်စုံသူများကို ခေါ်ဆိုခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတော်အနေဖြင့် လူရည်ချွန်စီမံကိန်းကို ဖော်ဆောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် တိုင်းပြည်အတွက်အားကိုးရမည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန် ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် မျိုးဆက်သစ် ညီငယ်၊ ညီမငယ်များအတွက် စံနမူနာပြများဖြစ် သည့်အတွက်ရှေ့ဆက်ရမည့် အနာဂတ်ခရီး လမ်းတွင်လည်း ယခုကဲ့သို့ ထူးချွန်ထက်မြက်သည့် စိတ်ဓာတ်ကိုအရင်းခံ၍ နိုင်ငံတော်က အားကိုးရသည့် သားကောင်း ရတနာများဖြစ်ကြပါစေကြောင်း” ဂုဏ်ပြုစကားများပြောကြားပြီး လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့မှ လူရည်ချွန်မောင်မယ်များက မိတ်ဆက်တင်ပြခဲ့ပြီး အခြေခံပညာမှ လေးထပ်ကွမ်းလူရည် ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ လူရည်ချွန်မောင်မယ်များကို လက်ဖက်ရည်ဝိုင်းဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)