ဖျာပုံ မေ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဆုတောင်းပြည့် ပြည်လုံးချမ်းသာသာစည်ဘုရားကြီး ဂေါပကအဖွဲတို့ ပူးပေါင်း၍ ကဆုန်ညောင်ရေ သွန်းပွဲနှင့်ဇိဝိတဒါနအဖြစ် ငါးသားပေါက်ကောင်ရေ (၁)သိန်းလွှတ်ပွဲကို ယမန်နေ့ ညနေပိုင်းအချိန်က ဖျာပုံမြို့ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးရှေ့တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သစ္စာဆို၍ မေတ္တာသုတ်ရွတ်ပွားကြပြီး ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးရှေ့ ဖျာပုံမြစ်အတွင်းသို့ ငါးခုံးမကောင်ရေ (၁)သိန်းအား ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးတင်အေးနှင့်အဖွဲ့ဝင်များ၊ ငါးသားပေါက်အလှူရှင်များက ဇိဝိတဒါနအဖြစ် ငါးသားပေါက်ကောင်ရေ (၁) သိန်းအား မြစ်အတွင်းသို့ လွှတ်ပေးကြသည်။ ထို့နောက် ပြည်လုံးချမ်းသာသာစည်ဘုရားကြီးဝန်းအတွင်းရှိ ဗောဓိပင်တွင် ကဆုန်ညောင်ရေ သွန်းပွဲကျင်းပကြပြီး အလှူရှင်များမှ ကောက်ညှင်းပေါင်းများဖြင့် စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းများ ဆပ်ကပ်လှူဒါန်းကုသိုလ်ပြုကြသည်။ ဖျာပုံမြို့နယ်အတွင်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုးများ၌လည်း ကဆုန်ညောင်ရေသွန်းပွဲများ စည်ကားသိုက်မြှိုက်စွာ ကျင်းပကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)