မင်းဘူး(စကု)မြို့နယ်၌ အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်

မင်းဘူး ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က ရွှေရောင်တော်ကျေးရွာ ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်စုစုခိုင်က ဒေသတွင်း အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းများဖြင့် ရက်(၁၀၀)စီံမံချက်ရေးဆွဲပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းပြောပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားကာ မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံက သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကို သင်တန်းသူများထံ ပေးအပ်ခဲ့သည်။

မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသူ (၁၅)ဦးတက်ရောက်ခဲ့ပြီး အခြေခံနှင့်မွမ်းမံသင်တန်းများအဖြစ် ရက်ပေါင်း (၄၅)ရက်ကြာ ဖွင့်လှစ်ပြီး လုပ်ငန်းများ ကျွမ်းကျင်တတ်မြောက်သည်အထိ စာတွေ့လက်တွေ့ဖြင့် စနစ်တကျ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ယခုဖွင့်လှစ်ပေးခဲ့သည့် သင်တန်းအပါအဝင် မင်းဘူးခရိုင်အတွင်း၌ ကျေးရွာ (၆)ရွာအား စိစစ်ရွေးချယ်ပြီး စီမံကိန်းလုပ်ငန်း (၆)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းတစ်ခုတွင် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား လုပ်ငန်းရှင် (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပြီး နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အတွင်း စုစုပေါင်းလုပ်ငန်းရှင် (၃၀)ဦးပေါ်ထွက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါရွေးချယ်ထားသူများမှ ကုန်ကြမ်းဖိုး ငွေကျပ်နှစ်သိန်း ထည့်ဝင်စေပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် ဌာနမှ တစ်ဦးလျှင် ငွေကျပ် (၁၈)သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများကို ရာသက်ပန်သုံးဆွဲခွင့်ပြု၍ အသေးစားလုပ်ငန်းရှင်များဖြစ်အောင် လုပ်ငန်းမှတ်ပုံတင်များ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)