ကွမ်းခြံကုန်း ဧပြီ ၃၀
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များဦးဆောင်မှုအရည်အသွေးနှင့် လူမှုအဖွဲ့အစည်းအတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပိုမိုဖြည့်ဆည်းမြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧပြီ (၂၈)ရက်နေ့က တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ ကိုးဆူဘုရားဝန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာအထောက်အကူပြု ပါရဂူလူငယ်ဆရာဝန်ကြီးများက အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်လင်း၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာစော၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး D.rမို့မို့ကျော်နှင့် ပြည်သူများ (၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ ဟောပြောပွဲသို့ တက်ရောက်လာသော ပြည်သူများအား (Royal D) အချိုရည်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)