ကျိုက်လတ် ဧပြီ ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ခု၊ ဘဏ္ဍာရေးနှစ် ရက် (၁၀၀) စီမံချက် ဖြင့် ဘုံလုံချောင်းကျေးရွာတွင် ရေသန့်စင်စက်ဆောက်လုပ်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်မှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ နှင့် အဆိုပါလုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာဆောင်ရွက်သွားရန်၊ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာနေပြည်သူများမှ လုပ်ငန်းရေရှည်လည်ပတ်စေရေးနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပုံမှန်ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ(၁၇၂)ခု၊ လူဦးရေ(၆၈၆)ဦးတို့အတွက် သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိမည်ဖြစ်ကြောင်းသိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)