ဒလမြို့နယ်၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ဒလ ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်‌နေ့က ပျော်ဘွယ်ကြီးကျေးရွာတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦး ဦးဆောင်မှုဖြင့် ဝန်ထမ်းများပါဝင်သော အဖွဲ့က ပျော်ဘွယ်ကြီး ကျေးရွာအတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီးသူ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့်အဖွဲ့၀င်များက လာရောက်ကြည့်ရှုအားပေးရာ မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်ပုံ အဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသပြီး နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်‌ပေးခြင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန္ဒာမြင့်