လသာမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ရပ်ကွက်လုံးကျွတ် ဆောင်ရွက်

လသာ ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် အမှတ်(၂)ရပ်ကွက်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဧပြီ (၂၈)ရက်နေ့က ရပ်ကွက်လုံးကျွတ် ကျန်းမာရေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ၀န်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းဝင်များ၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်သူနာပြုတက္ကသိုလ်မှ သူနာပြုသိပ္ပံ(ပုံမှန်) သင်တန်းသား၊ သင်တန်းသူများ ပူးပေါင်းပါဝင်၍ ခြင်ကြောင့်ဖြစ်တတ်သော ကူးစက်ရောဂါများအား ကြိုတင်ကာကွယ်နှိမ်နင်းရေး၊ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အလေးထားလုပ်ဆောင်ခဲ့ကြသည်။

ထို့ပြင် လုပ်ငန်းခွင်ပတ်ဝန်းကျင် ကျန်းမာရေးတိုးတက်ကောင်းမွန်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြည်သူလူထုအား ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နေလင်း(ပြန်/ဆက်)