လသာမြို့နယ်တွင် သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ လေ့လာသင်ကြားပေး

လသာ ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ရန်ကုန်သူနာပြုတက္ကသိုလ်မှ သူနာပြုသိပ္ပံ(ပုံမှန်) ၁/၂၀၂၆ သင်တန်းသား/သူများအား ယမန်နေ့နံနက်ပိုင်းအချိန်က ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ လေ့လာသင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေက Township Profile၊ Organization Setup နှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး (Disease Prevention and Control Measures) ဆိုင်ရာအကြောင်းအရာများ၊ ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ် (Good Pharmacy Practice - GPP) နှင့်ပတ်သက်သည့် သင်တန်းများကိုလည်း သင်တန်းသား၊ သင်တန်းသူများအား ဆက်လက်ပို့ချသင်ကြားပေးခဲ့ပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် လိုအပ်သော ပညာရပ်များကို စနစ်တကျလေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါသင်တန်းသား/သူများသည် မြို့နယ်အမှတ်(၂) ရပ်ကွက်အတွင်း ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင်လည်း စာတွေ့လက်တွေ့ ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြပြီး လက်တွေ့အတွေ့အကြုံများ ရရှိစေခြင်းဖြင့် အနာဂတ်သူနာပြု ဝန်ထမ်းကောင်းများ အဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် အထောက်အကူဖြစ်စေကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)