အင်းစိန် ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမ (အရှေ့) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အင်းစိန်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူ၍ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ခြင်း၊ မှတ်ပုံတင်နှင့် UID CARD မပြုလုပ်ရသေးသည့် ပြည်သူများအား အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်များအား အသစ်လဲလှယ် ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ရွာမ (အရှေ့) ရပ်ကွက်၌ အင်းစိန်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဒေါ်ဝင်းမို့မို့လှိုင် ဦးဆောင်သောအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)