စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်  

မုံရွာ ဧပြီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ယခုလို အခြေခံလေကြောင်းလူငယ်သင်တန်းအား တက်ရောက်ခွင့်ရသည့် မောင်တို့/မယ်တို့သည် တစ်ခြားလူငယ်များနှင့်မတူဘဲ အချိန်ကို အကျိုးရှိစွာအသုံးချပြီး တန်ဖိုးရှိသည့် ဘာသာရပ်များအား သင်ယူရသည့်အတွက် အသိပညာ/ အတတ်ပညာရပ်ပိုင်းဆိုင်ရာများတွင် တစ်စိတ်တစ်ဒေသ အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ ယခုလိုအကျိုးကျေးဇူးများစွာရှိသည့် သင်တန်းအား နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်များတွင် စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မောင်တို့/မယ်တို့အနေဖြင့် လေကြောင်းလူငယ်သင်တန်းတွင် နည်းပြဆရာများ သင်ကြားပို့ချမည့် ဘာသာရပ်များအား စိတ်ပါဝင်စားစွာဖြင့် တတ်မြောက်အောင်သင်ယူမှတ်သားပြီး အတွေ့အကြုံကောင်းများအား ရယူကာ နွေရာသီကျောင်းပိတ်ရက်တွင် အခါအခွင့်သင့်စွာဖြင့် အဖိုးတန်သည့် ယခုသင်တန်းအား တက်ရောက်ခွင့်ရခြင်း ဖြစ်သည့်အတွက် နောင်တစ်ခေတ်၏ မျိုးဆက်သစ် လေကြောင်းသိပ္ပံပညာရှင်များဖြစ်အောင် ရည်ရွယ်ချက်ထားပြီး ကြိုးပမ်းသင်ယူအားထုတ်သွားကြရန် လိုအပ်ပါကြောင်းနှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသည့် ကျောင်းသား/ ကျောင်းသူများပီပီ ကိုယ့်အစွမ်းအစများအား ယခုသင်တန်းတွင် အပြည့်အဝအသုံးချသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းအတွက် မကွေးလေတပ်စခန်းဌာနချုပ်၊ အုပ်စုမှူး ဗိုလ်မှူးကြီးဝင်းဇော်ဦးထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် - ၂၃၁ (နှစ်ရာသုံးဆယ်တစ်သိန်း)ကျပ်အား ပေးအပ် ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပစ္စည်းများအား ကြည့်ရှုခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ  မြို့နယ်များအား မြေပြန့်ဒေသများနည်းတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နာဂဒေသဦးစီးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ အလေးထား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကောင်းအထည်ဖော် ဆောက်ရွက်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေးကောင်းမွန်စွာဖြင့် စံချိန်စံညွှန်းပြည့်မီအောင် ဌာနဆိုင်ရာများရှိ တာဝန်ရှိသူများမှ ဒေသခံတိုင်းရင်းသားများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများ စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် ကုန်းမြင့်လယ်ယာများဖော်ထုတ်ပေးခြင်း၊ ဝင်ငွေရရှိစေမည့် နှစ်ရှည်သီးနှံများ စိုက်ပျိုးပေးခြင်း၊ ဒေသခံနှင့်ကိုက်ညီသည့် လက်ဖက်၊ ကော်ဖီပင်များ စိုက်ပျိုးခြင်း၊ နွားနောက်၊ မျိုးကောင်းမျိုးသန့် ဝက်၊ ကြက်များ ခြံလှောင်စနစ်ဖြင့် မွေးမြူခြင်းများ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။   

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)